ပင်းတယမြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မီးပုံးပြုလုပ်ရောင်းချသူများအပိုဝင်ငွေရရှိ

ပင်းတယ အောက်တိုဘာ ၇

ပင်းတယမြို့သည်  ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ရှိ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ ပင်းတယမြို့တွင် ဓနုလူမျိုးအများစုနေထိုင်ကြပြီး၊ ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန် နှင့်ဗမာ စသည်တို့နေထိုင်ကြပြီး အိမ်တွင်းမှု ရိုးရာလက်မှုလုပ်ငန်းများဖြစ်သည့် ထီး၊ ခမောက်လွယ်အိပ်၊ ရှမ်းစက္ကူ၊ မီးပုံး စသဖြင့်လုပ်ကိုင်ကြသည့် ဒေသဖြစ်သည်။

မြို့နယ်/ကျေးရွာအသီးသီးမှ မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါလကင်းလွှတ်သီတင်းကျွတ်လ ရောက်တော့မည်ဖြစ်ရာ ရိုးရာမီးထွန်းပွဲတော်များတွင် အသုံးပြုရန်အတွက် ရိုးရာလက်လုပ်မီးပုံးပြုလုပ်ရောင်းချသူ ပင်းတယမြို့၊ ငှက်ပျောတော ရပ်ကွက်တွင် နေထိုင်သူတစ်ဦးမှ ကျွန်တော်ကနှစ်စဉ် ရောင်စုံကာလာဖြင့် ကြယ်ပွင့်ပုံစံမီးပုံးကိုပြုလုပ်ပြီး ကုန်စုံဆိုင်များ၊ အသိမိတ်ဆွေများမှ တစ်ဆင့်ဖြန့်ဝေရောင်းချကြောင်းနှင့် အိမ်တိုင်ရာအရောက်လည်း ပို့ဆောင်ရောင်းချပေးကြောင်း၊ တတ်သည့်ပညာဖြင့် အပိုဝင်ငွေရရှိအောင် မီးပုံတစ်လုံးလျှင် (၁၀၀၀ )ကျပ်နှုန်းဖြင့် ရောင်းချကြောင်း ပြောပြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်း/ပြည်ပ ဘုရားဖူး ဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိသည့် မြို့ဖြစ်သည်။

အောင်ကိုဦး(ပြန်/ဆက်)