ကာလိ အောက်တိုဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်စပ်လျဉ်း၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့သွားရောက် ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က လူစည်ကားသည့် စည်ပင်သာယာမြို့မဈေးကြီးရှေ့နှင့် အမှတ်(၂)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးတွင် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကာလိရှေ့တန်းရုံးတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ နှင့်စပ်လျဉ်း၍ အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက်ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေး လက်ကမ်းစာစောင် စောင်ရေ (၂၀၀)စောင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ ပုံစံ၆၆/၆ အိမ်ထောင်စုလူဦးရေးစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများနှင့် ပတ်သတ်သည့် အချက်အလက်များအား နီးစပ်ရာ မြို့နယ်ဦးစီးမှူးရုံးများတွင် သွားရောက် ဖြေရှင်းနိုင်ကြောင်းနှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာဘာသာ/ ရှမ်းဘာသာ နှစ်မျိုးဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)