ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်းနှင့် ဝန်အားမျှခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ၆၆ / ၁၁ - ၆.၆ ကေဗွီ ၊ ၂၀ အမ်ဗွီအေ သုမင်္ဂလာ GIS ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးရန် သုမင်္ဂလာလမ်း (ခွဲရုံရှေ့မှ ရတနာလမ်းထိ) ၁၁ ကေဗွီ၊ သုမင်္ဂလာ - ရတနာဖီဒါအဖြစ် ၁၁ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်း အသစ်ပေ (၆၅၀၀) ခန့်အား SAC 120 mm2 ဖြင့် အသစ်တည်ဆောက်ခြင်း၊ သုမင်္ဂလာ - မေတ္တာဖီဒါအဖြစ် ၁၁ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်း အသစ်ပေ (၄၃၀၀) ခန့်အား SAC 120 mm2 ဖြင့် အသစ်တည်ဆောက်ခြင်း၊ သုမင်္ဂလာ - သစ္စာဖီဒါအဖြစ် ၁၁ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်းအသစ်ပေ (၂၃၀၀) ခန့်အား SAC 120 mm2 ဖြင့် အသစ်တည်ဆောက်ခြင်းနှင့် ၃၃ / ၁၁ - ၆.၆ ကေဗွီ၊ ၂၀ အမ်ဗွီအေ ဝေဇယန္တာ ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ၆.၆ ကေဗွီ ဝေ/မြောက်ဖီဒါ၏ ဝန်အားကိုလျော့ချရန်အတွက် ၆၆ / ၁၁ - ၆.၆ ကေဗွီ ၊ ၂၀ အမ်ဗွီအေ သုမင်္ဂလာ GIS ဓာတ်အားခွဲရုံမှ သုမင်္ဂလာလမ်းနှင့် ဗြဟ္မစိုရ်လမ်း တလျှောက် SAC 120 mm2 ဓာတ်အားလိုင်းပေ (၃၁၀၀) ခန့်ဖြင့် ၆.၆ ကေဗွီ သုမင်္ဂလာ-ဝေဇယန္တာဖီဒါ အသစ်တည်ဆောက်၍ ဝန်အားမျှခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။
နေထက်အောင်