ပျဉ်းမနား အောက်တိုဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ရာ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချေးငွေလာရောက်ထုတ်ယူကြသည့် တောင်သူများအား ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းက စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ငွေထုတ်ပေးခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၁၄၈)ဦးတို့၏ မတ်ပဲစိုက်ပျိုးဧက (၆၈၄)ဧကအတွက် တစ်ဧကလျှင်(၁)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၆၈၄)သိန်းကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျေးရွာအုပ်စုများအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)