ရန်ကင်း အောက်တိုဘာ ၆
ရန်ကင်းမြို့နယ်တွင် လူလုံခြုံရေး၊ ရုံးလုံခြုံရေး၊ စာရွက်စာတမ်းများလုံခြုံရေးနှင့် ဌာနလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၆-၁၀-၂၀၂၂ ရက်နေ့ ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စစ်ကြောင်းများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ၂၀၂၃ ရွေးကောက်ပွဲတွင် တာဝန်ကျရာအခန်းကဏ္ဍများ၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် သက်ဆိုင်ရာစစ်ကြောင်းများအလိုက် တာဝန်ရှိသူများမှ ဆောင်ရွက်ရန် လုပ်ငန်းများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)