ဒဂုံအရှေ့ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများရှိ ကျန်းမာရေးဌာနခွဲများသို့ကွင်းဆင်း၍ သွားရောက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၇)ဒေသန္တရကျန်းမာရေးဌာနခွဲနှင့် မလစ်အရှေ့ကျေးရွာအုပ်စုကျူးချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ထိုသို့မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများအတွင်းကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြည်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုးအစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းစသည်ဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်ပုံမှန်(၃)ရက်နေ့မှစတင်ကာ(၇)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)