တောင်ဥက္ကလာပ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်း၍ သီတင်းကျွတ်လပြည့်နေ့အကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက အများပြည်သူ အသိပညာဗဟုသုတရရှိရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ သီတင်းကျွတ်လပြည့်နေ့အား မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများသည် အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ အဘိဓမ္မာတရားတော်ကိုဟောကြားပြီး လူ့ပြည်သို့ ပြန်လည်ဆင်းသက်ကြွချီတော်မူရာ မင်းနှင့်တကွ လူပရိသတ်အပေါင်းတို့က ဆီမီးနံသာများဖြင့် ထွန်းညှိပူဇော်ကြပြီး သီတင်းကျွတ်လ၌ မိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ကြခြင်းသည်လည်း မြန်မာတို့၏ ရိုးရာအစဉ်အလာတစ်ခုပင်ဖြစ်ကြောင်းစသည့် သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာများအား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)