ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကြက်ခြေနီအသင်းဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကြက်ခြေနီအသင်းဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်းအသိပညာပေးဟောပြောပွဲကို အမှတ်(၁၂)ရပ်ကွက်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးတင်အောင်လင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးဦးစိုးမြင့်လွင်က ကြက်ခြေနီအသင်းဖွဲ့စည်းရခြင်းရည်ရွယ်ချက်နှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာများအား အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတပ်ခွဲမှူးဦးအေးချမ်းမှလည်း ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းမြင့်က ယခုကဲ့သို့ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကြက်ခြေနီအကြောင်းအသိပညာပေးဟောပြောပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြား၍ ဟောပြောပွဲသို့ မြို့နယ်ကြက်‌ခြေနီအသင်းမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)