ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၆
ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ အောက်တိုဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ လှိုင်မြစ်သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေငါးသိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပြီး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများပူးပေါင်းကာ လှော်ကားငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေငါးသိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးတင့်လွင်၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးဦးလေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးအေးဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနေဝင်းအောင်၊ လှော်ကားငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်နေပြည်သူများက လှိုင်မြစ်သဘာဝရေပြင်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေလေးသိန်းခွဲနှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ ငါးသောင်းစုစုပေါင်း ငါးသားပေါက်ကောင်ရေငါးသိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)