ကျိုင်းတုံ အောက်တိုဘာ ၆
တောင်ကြီးမြို့၊ စွယ်တော်ရိပ်ရိုက်ကူးရေးက ရိုက်ကူးတင်ဆက်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တိုင်းရင်းသားတို့၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ မှတ်တမ်းရုပ်ရှင် ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ကျိုင်းတုံမြို့နယ် စည်ပင်သာယာခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း နေထိုင်ကြသော တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများအား ယခုလို ရိုက်ကူးပြသခြင်းဖြင့် မိမိတို့ တိုင်းရင်းများ၏ ရိုးရာ၊ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ပြည်သူများပိုမို သိရှိလာပြီး ယည်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ထို့အပြင် ဒေသတွင်းရှိ တောတောင်ရေမြေ သဘာဝအလှရှုခင်းများကို မြင်တွေ့ခံစားနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်း အတွက်လည်း များစွာအထောက်အကူဖြစ်စေကြောင်း ပြောကြားသည်။
ဆက်လက်၍ စွယ်တော်ရိပ် ရိုက်ကူးရေးမှက ဒါရိုက်တာ ဦးကျော်ကျော်ဝင်းက မှတ်တမ်းရုပ် ရှင်ရိုက်ကူးရေးနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များကိုယ်စား အာခါတိုင်းရင်းသား အကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့ရိုးနှင့် မြို့တံခါးများအကြောင်း၊ ဂုံရှမ်း၊ တိုင်းလိ၊ တိုင်းလွယ်၊ လားဟူ၊ အာခါ၊ အားခေနှင့် အဲန် တိုင်းရင်းသားတို့၏ မှတ်တမ်း ရုပ်ရှင်များကို ပြသသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်များကို စွယ်တော်ရိပ် ရိုက်ကူးရေးမှ ဒါရိုက်တာ ဦးကျော်ကျော်ဝင်း က ရိုက်ကူးပြီး ဆက်လက်၍ “ဝ”၊ တိုင်းနေနှင့် လီဆူးတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကိုလည်း ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(ကျိုင်းတုံ)