မြစ်သား အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသ ခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာအုပ်စုဦးမြတ်ထွန်းမှ မြစ်သား-မြင်းခြံကားလမ်းမှ ရစ်ကန်ကျေးရွာသို့ သွားသည့်လမ်းမှာ မိုးရွာလျှင် ပျက်စီးမှုများဖြစ်ပေါ်၍ လမ်းသွား/ လမ်းလာ ကောင်းမွန်နိုင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ရစ်ကန်အထက (ခွဲ) စာသင်ကျောင်းမှာ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူအရေအတွက် များပြားသည့်အတွက် ဆရာ/ဆရာမ မလုံလောက်သဖြင့် တိုးမြှင့်ခန့်ထားပေးပါရန်နှင့် ရစ်ကန်ကျေးရွာရှိ ရေလောင်ကန်အား ပြန်လည်ပြုပြင်ပေးနိုင်ရေး အသီးသီးဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်လဝကဦးစီးမှူး ဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအနေနှင့် ကိုယ်တိုင်လာရောက် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြော ကြားပြီး ဌာနမှ ထုတ်ဝေသည့် “မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်” လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှလိုအပ်သည်များကို ဖြည့်စွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး (မြစ်သား)