တာမွေ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ Drone နှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စျေးအတွင်း Droneနှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း/ ဝယ်ယူခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို အဆိုပါစျေးရှိ စျေးသူ/သားများနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ယခုအခါ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ အများပြည်သူဆိုင်ရာ လူစည်ကားရာနေရာများတွင် Drone များအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသည့်အတွက် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဆောင်ရွက်စေနိုင်သဖြင့် တာမွေမြို့နယ်အတွင်းရှိ ကုန်တိုက်ကြီးများ၊ စည်ပင်သာယာစျေးများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင် Drone နှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်းများ မပြုလုပ်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(တာမွေ)