ဒဂုံမြောက် အောက်တိုဘာ ၆
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃)ရပ်ကွက်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် ဆရာစံလမ်းနှင့် ကျောက်စိမ်းလမ်းထောင့်ရှိ (၃၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်(၈)နာရီက ဒုတိယအကြိမ် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များပူးပေါင်း၍ ဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် ဆန်တစ်ပြည်ကျပ်(၁၇၀၀)နှုန်း၊ ဆီ(၁)ပိဿာလျှင်(၄၁၅၀)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံး (၁၇၅)ကျပ်နှုန်းတို့ဖြင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား ရောင်းချပေးခဲ့ပြီး ဈေးလာရောက်ဝယ်ယူသူများအား ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါကာကွယ်ရေး အသိပညာပေး၍ နှာခေါင်းစည်း(Mask)များ ဝေငှခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ခုရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် အလှည့်ကျရောင်းချပေးလျက်ရှိပြီး မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)