တာမွေ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိ စားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ တာမွေကြီး(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (Mobile Market )ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ တာမွေမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ( Mobile Market )ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ရောင်းချပေးရာတွင် ဆန်ချောတစ်ပြည်လျှင် ငွေကျပ်(၁၇၀၀/-)နှုန်းဖြင့် ဆန်ပြည်ပေါင်း(၂၄၀)၊ ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၇၅၀/-)နှုန်းဖြင့် ဆီပိဿာချိန်(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇၅/-)နှုန်းဖြင့် ကြက်ဥအလုံးပေါင်း(၁၀၀၀)အား ဒေသခံပြည်သူများကို အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက်လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ပြင်ပစျေးကွက်၌ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်း စျေးနှုန်းများ မြင့်တက်နေမှုကြောင့် အခြေခံ လူတန်းစားများ၏ စားဝတ်နေရေးကိစ္စတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေဖို့အတွက် (Mobile Market) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
"အခုလိုအစစ၊ အရာရာ ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ အချိန်မှာ ကျွန်တော်တို့လို အခြေခံလူတန်းစား ပြည်သူတွေစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းတွေကို ယခုလိုသက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးတာဟာ မြို့နယ်အတွင်းရှိ ပြည်သူတွေအတွက် အရမ်းကိုအဆင်ပြေမှုရှိပါတယ်။ စျေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသော ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်။ နောင်လည်း အခုလိုလာရောက်ရောင်းချပေးစေချင်ပါတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်လင်းအောင်(တာမွေ)