လောက်ကိုင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

လောက်ကိုင် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါအား စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် နေအိမ်ပြင်ပသို့ ထွက်ခွါသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လောက်ကိုင်မြို့အတွင်း လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လောက်ကိုင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့အတွင်းရှိလူစည်ကားရာနေရာများဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်များတွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အသိပညာပေးနှိုးဆော်ပြောကြားပြီး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)