မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများအား နေကြာ မျိုးစေ့နှင့် ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအရောက် ရောင်းချပေး

မိုးညှင်း အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများအား မြို့နယ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီက နေကြာမျိုးစေ့များနှင့် ယူရီးယား ဓာတ်မြေဩဇာများအား ယနေ့ နံနက် (၁၀)နာရီက ကျေးရွာများအရောက် စျေးနှုန်းသက်သာစွာဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ညောင်ကုန်းကျေးရွာတွင် စိုက်ဧက ၂၈၁ ဧက၊ ထန်းတပင်ကျေးရွာတွင် စိုက်ဧက ၆၀ နှင့် နန့်လှိုင် ကျေးရွာတွင် စိုက်ဧက (၁၆၂.၅)ဧကတို့ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ရာ မြို့နယ်မြေဩဇာ ဖြန့်ဖြူး ရောင်းချရေးကော်မတီမှ နေကြာစိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ဓါတ်မြေဩဇာ တစ်အိတ်နှင့် နေကြာမျိုးစေ့သုံးပြည် ရောင်းချပေးခဲ့ရာ အဆိုပါကျေးရွာ သုံးရွာတွင် နေကြာစိုက်ဧက (၅၀၃.၅ဧက)အတွက်  စုစုပေါင်းနေကြာမျိုးစေ့ (၉၅)တင်းနှင့် ယူရီးယား ဓာတ်မြေဩဇာအိတ် (၅၀၃)အိတ်တို့ကို သက်သာသည့်ဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးနေမှုအား မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများထံ လက်ဝယ်အရောက်ရရှိရေးကို မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ် ကြီးကြပ်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)