ကျိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ဖွင့်လှစ်ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကျိုင်းတုံခရိုင်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် မိမိဌာန၊ အခြားဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ အခမ်းအနားများ၊ နေ့ထူးနေ့မြတ်အထိမ်းအမှတ် အခမ်းအနားများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် အခမ်းအနားမှူးပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ သင့်လျော်သည့်ဝတ်စားဆင်ယင်မှုများ၊ စိတ်ကိုတည်ငြိမ်စေရန်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အခမ်းအနားတွင် အသိ၊ သတိရှိရန်အချက်များ၊ အသံပီသစွာစကားလုံးသုံးနှုန်းရန်စသည့် အကြောင်းအရာများကို တစ်ရက်တာ စာတွေ့လက်တွေ့ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျိုင်းတုံခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှဝန်ထမ်း ၁၂ ဦးတက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)