မိုင်းယုမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မိုင်းယု အောက်တိုဘာ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကာ အသက်(၁၀)နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုင်းနေမွန်ငြိမ်းနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆရာ၊ ဆရာမများက ယင်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသားကိုးဦး၊ ကျောင်းသူသုံးဦး၊ စုစုပေါင်း ၁၂ ဦးတို့ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒေသတွင်းပန်းခင်းစီမံချက်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးမြေစိုက် ဗီနိုင်းပို့စတာများ စိုက်ထူအသိပညာပေးခြင်း၊ လစဉ်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)