မိုးနဲ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များကို ယနေ့နံနက် ၇ နာရီ အချိန်က ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန် ထမ်း များ၊ လူမှုဝန်ထမ်းဦးစီးဌာန (တာဝန်ခံ) ဒေါ်နန်းဆိုင်ဆာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဘသန်း တို့က ဥယျာဉ်ရပ်ကွက်ရှိ အဘိုးအဘွား(၈)ဦးတို့အား တစ်ဦးလျှင် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ သုံးလအတွက် ငွေကျပ် ၃၀၀၀၀ စီကို အိမ်တိုင်ရာရောက်သွားရောက် ဂါရဝပြု ပေးအပ်ခဲ့ကြသည်။
မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အမျိုးသားလူမှုရေးပင်စင်ရရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၈၂)ဦးရှိပြီး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှတစ်ဆင့် အိမ်တိုင်ရာရောက် ကွင်းဆင်းသွားရောက် ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)