လင်းခေးမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်

လင်းခေး  စက်တင်ဘာ  ၁၇

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေး အတွက်၊ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးက ကြီးမှူး၍ လင်းခေးမြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈နာရီခွဲ က လင်းခေးမြို့၊ တောင်ရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က တက်ရောက် လာကြသူများအား ကိုဗစ်-၁၉ ကာကွယ်ရေး အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းကာ Mask တပ်ဆင်မှု ရှိ/မရှိ၊ Mask ပါရှိမလာသူများထံ နှာခေါင်းကာများ အခမဲ့ပေးခြင်းတို့ကို ဦးစွာစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြသည်။       

ယင်းနောက်သင်တန်းတွင် လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းသန်းကျော် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းခမ်းလှိုင်နှင့် သင်တန်းနည်းပြများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခြင်း ဆောင်ရွက်သည်။ သင်တန်းသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ အင်အားစုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပြီး၊ ဤသင်တန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်တန်းသား (၂ဝ)ဦးတို့အား ၂ရက်တာပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်း၌ ရွေးကောက်ပွဲဆိုင်ရာရပ်ကျေးလမ်းညွှန်၊ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ လမ်းညွှန်ချက် ဘာသာရပ်တို့ကို လုပ်ငန်းကျွမ်းကျင်မှုမြင့်မားရေးရည်ရွယ်လျက် ဤသင်တန်းတွင် ပို့ချသင်ကြားပေးသွား မည်ဖြစ်ပါကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိ ဦးချိုနိုင် က ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)