ရန်ကင်း အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းရေးအတွက် လူငယ်များစာပေလေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၀၉:၀၀ နာရီက ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ဘက်စုံအကျိုးပြုသီးစားပင်ငှက်ပျော”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်အိရွှေစင်က မြို့နယ်စာရေးဆရာအသင်:(နာယက) ဆရာစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)ရေးသားသော “ဘက်စုံအကျိုးပြုသီးစားပင်ငှက်ပျော”စာအုပ်သည် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၁၉၉၄ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေ၊ ကျမ်းစာပေ၊ စာမူပထမဆုအဖြစ် ရွေးချယ်ချီးမြှင့်ခြင်းကိုခံရသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ၏ အနာဂတ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်နေသောကြောင့် စာကောင်းပေမွန်များကို ဖတ်ကြားသိရှိခွင့်ရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေးစာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆရာစိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)က ထန်းတပင်လုံး လူ့အသုံးဆိုသကဲ့သို့ ငှက်ပျောပင်၏ ဘက်စုံအသုံးဝင်ပုံ၊ ငှက်ပျောပင်၏ ဆေးဘက်ဝင်ပုံ၊ ငှက်ပျောနှင့်ပတ်သက်သော အယူအဆများ၊ ငှက်ပျောအမျိုးမျိုး၊ ငှက်ပျောစိုက်ပျိုးရေးနှင့် ရောင်းဝယ်ဖောက်ကားမှု၊ ငှက်ပျောနှင့်ဆေးပညာရပ်များ၊ ငှက်ပျောတစ်ပင် ဆေးနည်း(၁၀၀)တို့အကြောင်းကို ခိုင်မာသောအထောက်အထားများဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာစိုးမြင့်ထွန်း(အာယုဗ္ဗေဒ)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး “ဘက်စုံအကျိုးပြုသီးစားပင်ငှက်ပျော” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်( ပြန်/ဆက်)