ကော့မှူး အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် လူငယ်လူရွယ်များအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်စာပေချစ်မြတ်နိုးသူများအသင်းမှ Book Club အဖွဲ့ဝင်ဦးတင်လှိုင်က အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏စာပေနှင့် ဘဝအကြောင်းတစေ့တစောင်း(၂၀၀၁-၂၀၁၃)စာအုပ်မှ အမျိုးသားစာပေ တစ်သက်တာဆုကို ဗွေဆော်ဦးဖွင့်လိုက်သူဆရာပါရဂူ၏အကြောင်းအရာများ၊ အဖွဲ့ဝင်ဦးစိန်လှကဂန္တဝင်စာဆိုရှင် ဆရာကြီးမောင်တင်၏အကြောင်းအားလည်းကောင်း၊ မခင်ပြုံးကသမိုင်းဒေဝီ-ဆရာမကြီးဒေါ်ကြန်၏ အကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်ဦးတင်လှိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)