ဒလ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြိုနယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ ဆောင်ရွက်ထားရှိမှု အသုံးပြုပုံတို့ကို ကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးခေါင်းဆောင်၍ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းစာကြည့်တိုက်များ ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းစာကြည့်တိုက်များ လိုအပ်သောစာအုပ်၊ ပရိဘောဂများစသော လိုအပ်ချက်များကို ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအဖွဲ့က ကွင်းဆင်းကြီးကြပ် လမ်းညွှန်အကြံပြုခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထို့နောက်ပညာရေးစစ်ကြောင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနမှ ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှဦးစီးအရာရှိ၊ သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ဆွေးနွေးရာတွင် ဆရာ၊ ဆရာများအနေဖြင့် ကျောင်းစာကြည့်တိုက်တွေက ကလေးပျော် စာကြည့်တိုက်တွေဖြစ်လာဖို့ အဓိကရည်ရွယ်လုပ်ဆောင်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းနေပျော်၍ စာတော်ရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသင်ခန်းစာသာမက ပြင်ပဗဟုသုတရရှိစေရန် စာကြည့်တိုက်သို့သွားရောက်၍ သုတ၊ ရသစာပေများကို လေ့လာစေရန်စသော အလေ့အကျင့်ကောင်းများသင်ကြားပေးရန် စာကြည့်တိုက်ဆောင်ရွက်မှုအခြေအနေများပေါ်တွင် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
သီတာဝင်း(ပြန်ဆက်)