ကမာဝက်မြို့၌ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံများ ပေးအပ်လှူဒါန်း

မုဒုံ အောက်တိုဘာ ၆

မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကမာဝက်မြို့အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ PPE Level (3)များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကမာဝက်မြို့အုပ်ချုပ်ရေးမှူးဦးဝေယံလွင်က အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ  ဒုတပ်ဖွဲ့မှူးက  ကြက်ခြေနီအသင်း၏  လုပ်ငန်းစဉ်(၃) ရပ်ဖြစ်သည့်  ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးဒုက္ခ ကျရောက်သူများကိုကူညီရန် အချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ စေတနာ့လုပ်အားရှင်များအား ဘေးကင်းလုံခြုံရေးအတွက်  ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိများမှ ကမာဝက်မြို့အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ (၁၆) ဖွဲ့ထံ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ PPE Level 3 အထည် (၃၂၀)ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)