မာန်အောင်မြို့နယ်တွင် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ

မာန်အောင် အောက်တိုဘာ ၆

ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ်  မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီခွဲက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးနိုင်လင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပူဇော်ခံ သက်ကြီး ဆရာ/ ဆရာမကြီး (၂၈)ဦးတို့အား ပညာရေးဝန်ထမ်းများက ဂါရဝပြု ပူဇော်ကန်တော့ကြသည်။

ထို့နောက် သက်ကြီးဆရာ/ဆရာမ ကြီးများအား ပညာရေးဝန်ထမ်းများက ကန်တော့လက်ဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ပူဇော်ခံသက်ကြီး ဆရာ/ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီး ဦးရွှေထွန်းအောင်နှင့် ဆရာမကြီးဒေါ်ခင်မေတို့က ဩဝါဒဆုပေးစကား ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ ``ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြု´´ဟူသည့် ဆောင်ပုဒ်ဖြစ်ပြီး “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ပွဲကျင်းပသည့် အချိန်ခါသမယသည်လည်း သီတင်းကျွတ်ချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အန္တနဂိုဏ်းဝင်ဆရာကြီး၊ ဆရာမကြီးများအား ရိုသေစွာဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။ 

သိန်းဖေ (ပြန်/ဆက်)