တောင်ကုတ် အောက်တိုဘာ ၆
တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေတင့်တို့က ကလေးအလုပ်သမားနှင့် ပတ်သက်၍ ILO က သတ်မှတ်ထားသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အရ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီမှ စီမံကိန်းချမှတ်ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ပထမငါးနှစ် စီမံချက်ပါ လုပ်ငန်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးပြောကြားကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အများပြည်သူ အသိပညာရရှိစေမည့် အစီအစဉ်များကို Online မှ တစ်ဆင့်ထုတ်လွှင့်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်