မကွေး အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေး မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားပြောကြားရာ ခရီးသွားလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှုသင်တန်းဖြစ်တဲ့အတွက် လွန်စွာမှ အထောက်အကူပြုတဲ့ သင်တန်း ဖြစ်ကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်းကို လာရောက်မဲ့ နိုင်ငံခြားသား ဧည့်သည်များနှင့် ဆက်သွယ်ဆောင်ရွက်ရာမှာ အရေးပါတဲ့ ဒီဘာသာစကားတတ်ကျွမ်းမှုဟာ ဝန်ထမ်းများရဲ့ အခြေခံလိုအပ်ချက်ဖြစ်သလို ယနေ့ခေတ်ကာလမှာဆိုရင်လည်း ပညာရပ်များကို ရှာဖွေရာမှာလည်း များစွာအသုံးဝင်ကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း ထင်ရှားကျော်ကြားသော မန်းရွှေစက်တော်ဘုရား၊ သဘာဝအလှအပများကို ခံစားနိုင်သော မန်းချောင်းနှင့် ဘေးမဲ့တောတို့ဟာလည်း ဧည်သည်များ နှစ်စဉ်လာရောက်လည်ပတ်ကြတဲ့ နေရာဒေသတွေဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧည့်သည်များ ပိုမိုလာရောက်မှသာမိမိတို့ဒေသရဲ့ ခရီးသွားလုပ်ငန်းဝင်ငွေ တိုးတက်ရရှိမှာဖြစ်သည့်အတွက် ဟိုတယ်ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများ ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ အရည်အသွေးမြင့်မားစေရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူ/ သား များအနေဖြင့် တတ်ကျွမ်းမှု၊ ဗဟုသုတ၊ စိတ်သဘောထားကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်ခြင်းဖြင့် မကွေးတိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်အဆင့် HSP အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခြင်း၊ သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြတစ်ဦးမှ သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း(၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကိုအောင် (ပြန်/ ဆက်)