ကျောက်ဖြူမြို့တွင် (၁၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ကျောက်ဖြူ အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျောက်ဖြူမြို့နယ် ပညာရေးမိသားစုမှ ကြီးမှူး၍  (၁၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်း အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ကမ္ဘာ့ဆရာများနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျောက်ဖြူမြို့နယ် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၏  မတည်ငွေနှင့် နိုင်ငံတော်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေဖြင့် (၉၀×၃၅)ပေ ကုမုဒြာခန်းမအား ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး (ငြိမ်း) ဆရာကြီးနှစ်ဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် (၁၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲကို (အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ)ဆရာမများက အနန္တမြတ်ဆရာ သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်ညွှန်ညွှန်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းဖြင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများက ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးတင်ရွှေ၊ ဆရာမကြီး ဒေါ်ရွှေနုအေး၊ ဆရာကြီး ဦးအောင်သန်းမြင့်တို့က အသီးသီး ဩဝါဒစကား ပြောကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို (အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ)ဆရာမများက မြတ်ဆရာ သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (၁၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ သို့ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၉၇) ဦးတက်ရောက်ခဲ့ပြီး ကန်တော့ခံ မလာရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးအား နေအိမ်အရောက်သွားရောက် ကန့်တော့ခဲ့ကာ ကျန်ရှိသော ဆရာ၊ ဆရာမ ၂၁ ဦးအား စနဲမြို့တွင် အောက်တိုဘာ(၈)ရက်နေ့၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး အသက်(၆၅)နှစ် အထက် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၁၅၃)ဦးအား ကန့်တော့သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ထံမှ သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)