မိတ္ထီလာခရိုင်တွင် ဝါစိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိစေရေး၊ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ ညှိနှိုင်း

မိတ္ထီလာ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိစေရေးနှင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

တွေ့ဆုံညှိနှိုင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာခရိုင်တွင် ဝါမျိုးစုံစိုက်ဧက ၄၂၇၂၁ဧက စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် ဝါများ ခူးဆွတ်နေပြီဖြစ်၍ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ အကျိုးအမြတ်ရရှိစေရေးနှင့် မိတ္ထီလာခရိုင်အတွင်း၌ ဝါစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များရရှိစေရေး မျိုးစေ့ထုတ်စိုက်ဧက ၈၇၁ ဧက စိုက်ပျိုးထားရှိပြီး ၎င်းမျိုးစေ့ထုတ်စိုက်ဧကများမှ ထွက်ရှိသည့် ဝါမျိုးစေ့များ ပြန်လည်စုဆောင်းသွားရာတွင် ဝါလုပ်ငန်းရှင်များမှ ပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း၊ ဒါအပြင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဌာနမှဆောင်ရွက်ရမည့် အချက်များ၊ ဝါလုပ်ငန်းရှင် များမှ လိုက်နာရမည့်အချက်များ၊ ဝါစိုက်တောင်သူများမှ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သိရှိစေရန် ဝါလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများကို ယခုလိုတွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝမ်းတွင်းမြို့နယ်မှ ဝါလုပ်ငန်းရှင် ဦးရန်နိုင်ဆွေက ဝါများ ဝယ်ယူရာတွင် ဝါစိုက် တောင်သူများ အဆင်ပြေ​စေရေး အတက်နိုင်ဆုံး ဝယ်ယူပေးသွားမည်ဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်ဝါမျိုးစေ့များရရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မလှိုင်မြို့နယ်မှ ဝါစိုက်တောင်သူ ဦးဝင်းကျော်က ဝါစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျမှုအခြေအနေများ၊ ဝါထွက်ရှိမှုအခြေအနေများ၊ ဝါရောင်းချရမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းနှင့် တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင်အတွင်းမှ ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)