မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မိုင်းနောင်   စက်တင်ဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့  နေ့လည်(၂) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင်  ခရိုင်အဆင့် မျိုးစေ့တာဝန်ခံ၊ ပိုးမွှားတာဝန်ခံ၊ မြေအသုံးချရေး တာဝန်ခံများနှင့်အတူ မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဇော်ဦး တို့သည် မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်း စစ်ဆေးခြင်း၊ မျိုးကွဲပယ်ခြင်းများပြုလုပ်စေခြင်း၊ ပိုးမွှား အန္တရာယ်ကာကွယ်နိုင်ရေး နည်းလမ်းများ၊ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲခြင်း နည်းလမ်းများ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးတောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ စိုက်ပျိုးသီးနှံများ အထွက်တိုးရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးကို လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင် (ပြန်/ဆက်)