ဒဂုံအရှေ့ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့်လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာကိစ္စညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူကအဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဦးစီးအရာရှိဒေါ်သက်မွန်ဆွေက မြို့နယ်အတွင်းရပ်ကွက်ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့်လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာကိစ္စအတွက် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသောရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း လျာထားမဲရုံသက်မှတ်မှုနှင့်မဲရုံတည်နေရာတို့အား အသီးသီးတင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်ဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးကာပေါင်းစပ်ညှိနှိုင်းခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရပ်ကွက်(၃၃)ခု၊ ကျေးရွာအုပ်စု(၃)ခုပေါင်း(၃၆)အုပ်စုတွင် မြို့နယ်အနေဖြင့် လျာထားမဲရုံ(၁၇၀)ရုံသတ်မှတ်ထားကြောင်း သတင်းရရှိသည်။
ဝင်းအိမွန် (ပြန်/ဆက်)