စမ်းချောင်း အောက်တိုဘာ ၆
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ဝေဠုဝန်(တောင်) ရပ်ကွက်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်(၁)ပြည်လျှင် (၁၇၀၀)ကျပ်၊ ဆီ(၁)ပိသာလျှင် (၄၈၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံးလျှင် (၁၇၅၀)ကျပ်ဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူအိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ရောင်းချရာသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်စည်ပင်၊ မြို့နယ်သမဝါယမ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်ငြိမ်းချမ်းဝင်း