တံတားဦးမြို့နယ် မြေငူကျေးရွာမှ နွားကောင်ရေ(၃၅၀)ကျော်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

တံတားဦး အောက်တိုဘာ  ၆

တံတားဦးခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသောကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့်ကုသဆေးများကို  ကျေးရွာများသို့အရောက်ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြေငူကျေးရွာသို့ သွားရောက်ပြီး နွားကောင်ရေ(၃၅၀)ကျော်ကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည် ။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဝါဝါဝင့်သူနှင့် ဝန် ထမ်းများဦးဆောင်၍ တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများ ပူးပေါင်းကာ မြေငူကျေးရွာမှ တောင်သူများမွေးမြူထားသော နွားကောင်ရေ(၃၅၀)ကျော်အား  ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း ဒါ့အပြင် တောင်သူများမွေးမြူထားသော တိရစ္ဆာန်များ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာကြံ့ခိုင်စေရေး၊ အာဟာရညီညွတ်မျှတစွာ ကျွေးမွေးရေးနှင့် စနစ်တကျမွေးမြူနည်းများ၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါနှင့် သံသယလက္ခဏာများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းပေးရန်စသည်တို့ကို တောင်သူများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဝါဝါဝင့်သူ ထံမှသိရသည်။

ဦးရဲတင့်(ပြန်/ဆက်)