တောင်သာ အောက်တိုဘာ ၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ညောင်ကုန်းလမ်းဘေး၌ ယနေ့ နံနက်၈နာရီအချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ထူး၊ တောင်သာမြို့ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးစိုးမိုးထွန်း၊ တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းတို့မှ ကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ရောင်းချရာတွင် စားအုန်းဆီ(၁)ပိဿာလျှင် (၅၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်သည့်ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)