ဇမ္ဗူသီရိ အောက်တိုဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများက မြတ်ဆရာတေးသီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်နှင့် နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးတို့က အသီးသီးဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီးနောက် ဇမ္ဗူသီရိမြို့နယ်အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက “ပန်းပျိုးသူ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)