ချောင်းဆုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးသက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ စစ်ကြောင်း​(၅)ကြောင်း​ဖြင့်​ ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရေးကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ အောက်တိုဘာ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်  အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က မုကွဲ​ကျေးရွာခန်းမတွင်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ကွင်းဆင်း တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ကဏ္ဍခြိုးခြံချွေတာသုံးစွဲရေး လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်ရေး၊ လမ်းတံတားကဏ္ဍတိုးတက်ကောင်းမွန်စေရေး၊ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းပျက်စီးပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း မွေး/ ကုဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)