ဗန်းမော် အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမ၌ အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ပညာရေးမိသားစုများ စုပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗန်းမော်မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်အထက် ပညာရေးဝန်ထမ်း အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ကန်တော့ခံတက်ရောက်ကြရာ မြို့နယ်ပညာရေးမှူး ဦးလဆန်က အခမ်းအနားသို့ တက်ရောက် လာသည့် ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာသီချင်းဖြင့် ဂါရဝပြု သီဆိုဂုဏ်ပြုပြီး ကန်တော့ငွေများဖြင့် ဂါရဝပြုပူဇော်ကန်တော့ရာ မြို့နယ်ပညာရေးမှူး (အငြိမ်းစား)ဆရာကြီး ဦးအုန်းငွေက ဆရာများ၏ ဂုဏ်ကျေးဇူးကြီးမားမှုကြောင့် ကမ္ဘာကပင်ကမ္ဘာ့ ဆရာများနေ့အဖြစ် အသိအမှတ်ပြုထားကြောင်း၊ ဆရာဖြစ်ရ သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမည်ဖြစ်ကြောင်း မိမိကိုယ်တိုင်လည်း ဆရာဖြစ်ရသည်ကို ဂုဏ်ယူပါ ကြောင်း၊ လေမရှိလျှင် အသက်ရှူ၍ မရသကဲ့သို့ ဤကမ္ဘာကြီးတွင် ဆရာမရှိပါက ရပ်တည်၍မရပါကြောင်း စသည်ဖြင့် ဆုံးမဩဝါဒစကားများပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး နှင့် အဖွဲ့ဝင်များ၊ အခြေခံပညာရေးမိသားစုများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများက ဩကာသ ကန်တော့ချိုးဖြင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ကြပြီး အငြိမ်းစားဆရာကြီး ဦးကိုကိုလေးက ဆုပေးစကားချီးမြှင့်ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဗန်းမော်မြို့နယ်အတွင်းရှိ အသက် (၇၀)နှစ် အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၁၆၀)ဦးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီးတို့က ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင်ကျပ် ၁၀၀၀၀/-နှုန်းဖြင့် လည်းကောင်း၊ အခြေခံပညာရေးမိသားစုများက ဆရာကြီး၊ ဆရာမကြီးတစ်ဦးလျှင် ကျပ် ၄၀၀၀၀/- နှုန်း ဖြင့်လည်းကောင်း အငြိမ်းစားဆရာကြီး၊ ဆရာမကြီးတစ်ဦးလျှင် ကျပ်(၅၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း(၈ဝ)ပူဇော် ကန်တော့ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)