ဂွမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများအား မြို့ပေါ်ရပ်ကွက်များတွင်  ဆက်လက်ဆောင်ရွက်

ဂွ အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အခြေခံလူဦးရေစာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့မှ မဲစာရင်းများ မှန်ကန်စေရေးအတွက်  တင်းတောကျေးရွာအုပ်စု၊ ရဟိုင်ဖျားကျေးရွာအုပ်စု စသည့်အုပ်စု (၂)ခုနှင့် မြို့ပေါ်ရပ်ကွက် (၃)ခုတို့တွင် နေ့ရက်များသတ်မှတ်၍ လျာထားဆောင်ရွက်ခဲ့ရာ တင်းတောကျေးရွာအုပ်စု၊ ရဟိုင်ဖျားကျေးရွာအုပ်စု (၂)စု ပြီးမြောက်ပြီးဖြစ်ကာ အောက်တိုဘာလ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ ကင်းရုံးရပ်ကွက်အတွင်း၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်အနေဖြင့် ရှေ့ပြေးစီမံချက်အရပြုစုပြီး လူဦးရေစာရင်းတွင် ၈၂၅၇၂ဦးရှိကြောင်း၊ စိစစ်မှုအနေဖြင့် ၇.၉၇% ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက်၁၈နှစ်အထက် ၃၀၉၀ဦးနှင့် အသက်(၁၈)နှစ်အောက် ၅၉၀၆ဦး ရှိနေသေးသည့်အတွက် ပန်းခင်းစီမံချက်(၂)အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော် (ပြန်/ ဆက်)