တာမွေမြို့နယ်ရှိ ရာမကွင်းဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင် လုံခြုံမှုရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာမွေ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ရာမကွင်းဓာတ်အားခွဲရုံ အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ လုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးတို့အတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် တာမွေမြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ရရှိသုံးစွဲနိုင်စေရေးအတွက် အဆိုပါ ရာမကွင်းဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က ဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ မီးဘေးအန္တရာယ် အပါအဝင် အဘက်ဘက်မှ လုံခြုံမှုရှိစေရေးအတွက် အဓိကထားဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)