ကျိုက်ထို အောက်တိုဘာ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ (နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆီထွက်သီးနှံ (နေကြာ) တစ်ဧက အထွက်နှုန်းတိုးမြင့်အောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းပညာများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စသည်တို့ကို ရှင်းလင်း ဆွေးနွေး ပြောကြား ခဲ့ကြသည်။
အဆိုပါသင်တန်းကို ကော့ထင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ နံနက် (၉)နာရီမှ ညနေ (၄) နာရီထိ(၁)ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာရှင်များက မြေနေရာရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေဩဇာကျွေးခြင်း၊ ရေပေးသွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ ရိတ်သိမ်းခြင်းစသည့် လိုက်နာရမည့် နည်းပညာများကို ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆောင်းသီးနှံစိုက်တောင်သူ(၅၀)ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)