မလှိုင် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖျောက်ဆိပ်ကျင်းကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်(၃) ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စေရေး စံသတ်မှတ်ချက် (SOP) ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ (၃) ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် ချောင်းရေကျော်ရရှိရေးကဏ္ဍ (၂)ခု၊ လျှပ်စစ်မီးလင်းရေးကဏ္ဍ (၁)ခု၊ စုစုပေါင်းလိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၃) ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် လျှောက်ထားသူ (၁၅) ဦးအတွက် ဆောင်ရွက် ပေးခဲ့ပြီး ကာယကံရှင်များထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ တစ်ဆက်တည်း အခမ်းအနား တက်ရောက် လာသူ ပြည်သူလူထု (၂၀၀) ဦးအနက် (၁၃၇)ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
အောင်ဌေး(မလှိုင်)