သိန္နီမြို့တွင် Mobile စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကြောင့် စာဖတ်ပရိသတ်များအတွက် အဆင်ပြေ

သိန္နီ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများသည် စာပေဖတ်ရှုချင်သော်လည်း မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်ငှားရမ်းရန် အခက်အခဲရှိသော စာအုပ်၊ စာပေချစ်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်၊စာစောင်များကို ဌာနဆိုင်ရာရုံးများအရောက် ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ငှားရမ်းပေးရာတွင် မြို့နယ်စာရင်းစစ်ရုံး၊ စည်ပင်သာယာရေးဌာနနှင့်  မြန်မာ့စီးပွားရေးဘဏ် စသည့်ရုံးများသို့ အပတ်စဉ်သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်။ စာပေချစ်သူများအတွက် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအနက်မှ မဂ္ဂဇင်းစာအုပ်များ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ အတ္ထုပ္ပတ္တိစာအုပ်များ၊ ဘာသာရေးဆိုင်ရာစာအုပ်များ၊ စာပေဗိမာန် မူဆုရ စာအုပ်များ၊ ဝတ္တုတို၊ ဆောင်းပါးစာအုပ်များ၊ စိတ်ဓါတ်ခွန်အားကိုဖြစ်စေသည့် စာအုပ်များနှင့် အခြား ဗဟုသုတရစေမည့် စာအုပ်များကို ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတကြွယ်ဝစေရန်၊အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများသို့ Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထိုကဲ့သို့ Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးသည့်အတွက် စာအုပ်၊ စာပေများကို ပိုမိုဖတ်ရှုလေ့လာဖြစ်ပြီး စာဖတ်ပရိသတ်များအတွက် အဆင်ပြေလျက်ရှိကြောင်း စည်ပင်သာယာ ရေးဌာန ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)