ခရမ်း အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၏ စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အသက် ၇၀ နှစ်နှင့် အထက်ရှိသော သက်ကြီး ဆရာ၊ ဆရာမကြီးများအား ဂါရဝပြု ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဒေါ်အေးသစ် ဦးဆောင်၍ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများက ကန်တော့ခံ ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ရာတွင် ပူဇော်ခံသက်ကြီးဆရာ၊ ဆရာမကြီး များ၏ ကိုယ်စားဆရာကြီးတစ်ဦးက ဆုတောင်းမေတ္တာများ ပြန်လည်ပို့သသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပြီ ၁၉၉၄ ခုနှစ်မှစ၍ ကျင်းပ လျက်ရှိရာ (၂၈)ကြိမ်မြောက် တိုင်ခဲ့လေသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများ နေ့ဆောင်ပုဒ်မှာ “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ဆရာများနေ့ ကျင်းပသည့် အခါသမယတွင် သီတင်းကျွတ်ချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ အန္တဂိုဏ်းဝင် ဆရာများအပေါ် ရိုသေဂါရဝပြုပူဇော် ကန်တော့လျက် ရှိကြသည်။
အဆိုပါ ဆရာ၊ ဆရာမကြီးများသည် ခရမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့ကြသော မြို့နယ်လက်ထောက်ပညာရေးမှူး ၂ ဦး၊ အထက်တန်း ကျောင်းအုပ် ၃ ဦး၊ အလယ် တန်းကျောင်းအုပ်ကြီး ၃ ဦး၊ မူလတန်းကျောင်းအုပ်ကြီး ၁၄ ဦး၊ အထက်တန်းပြ ၅ ဦး ၊ အလယ်တန်းပြ ၃၂ ဦး၊ မူလတန်းပြ ၆ ဦး စုစုပေါင်း ၆၅ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမ ၁၄၄ ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )