သုံးခွ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ မောင်သန်း"ရေးသားသည့် "စိတ်ဓာတ်သည်သာအခရာ"စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Women club အဖွဲ့၀င် ဒေါ်ရီရီအေးမှ" ဦးဆောင်ဆွေးနွေးသူအဖြစ် "ခေါင်းဆောင်မှုနှင့်စိတ်နေစိတ်ထား"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်နေသဘောထားဆိုတာ ကိုယ်ဦးဆောင်နေတဲ့ အသင်းအဖွဲ့မှာ အရေးပါတဲ့အရာတစ်ခုပဲလို့ ဆိုချင်ပါကြောင်း၊ စီးပွားရေးအဖွဲ့အစည်းတွေ၊ သက်မွေးပညာအသင်းအဖွဲ့တွေ၊ ပညာရေးအဖွဲ့တွေ၊ အစိုးရအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေတင်မက အိမ်ထောင်ဦးစီးတွေမှာပါ သူတို့ရဲ့အသင်း၊အဖွဲ့အစည်းကို သူများတွေထက်သာအောင် လုပ်နိုင်တဲ့အချက်ရှိပါကြောင်း ပြောကြားသည်။ (Book Club)အဖွဲ့၀င် မတင်မေလွင်ကလည်း လူတစ်ယောက်ချင်းစီနဲ့ စိတ်နေစိတ်ထား"ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် စိတ်သဘောထားနှင့် အောင်မြင်နိုင်စွမ်းဆိုတာ ခွဲလို့မရတဲ့အရာတွေဖြစ်ပါကြောင်း ၊စိတ်သဘောထားဆိုတာ အပြုအမူတွေကနေတစ်ဆင့် ဖော်ပြတဲ့စိတ်တွင်းခံစားချက် တစ်ခုဖြစ်ပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ (Book club)အဖွဲ့၀င်မစုဝေနွယ်မှလည်း "ဘယ်အရာတွေက စိတ်သဘောထားတွေကို ပုံသွင်းနေသလဲ"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်သဘောထားတစ်ခု ဖြစ်တည်လာဖို့ဆိုတာ အကြောင်းအရင်းတွေ အများကြီးလိုသလိုပဲ ရလာတဲ့စိတ်သဘောထားတစ်ခုကနေလည်း ရလဒ်တွေအများကြီးရရှိနိုင်ပါကြောင်း၊ လူတစ်ချို့မှာ မွေးကတည်းကသူတို့ကိုယ်ပိုင် စရိုက်လက္ခဏာတချို့ပါလာတတ်ပါကြောင်းစသည့် စာအုပ်ပါအကြောင်း အရာများကိုဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြပြီး မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်များကိုလည်း စိတ်ပါ၀င်စားစွာကြည့်ရှုကြကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်