စပါးနှင့် စားသုံးသီးနှံများတွင်ကျရောက်သော လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနိုင်

မုဒုံ အောက်တိုဘာ ၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးများဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဝတ်တဲကွင်းရှိ တောင်သူ ဦးကျော်မြင့်မိုး၏ လယ်ဧကကွင်းအမှတ်- ၈၅၁(က)၌ ပြုလုပ်သည်။

ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မွန်ပြည်နယ် သီးနှံကာကွယ်ရေးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူးက ဥကဒ်မှပေါက်လာသော ထရိုင်ဂိုဂရားမား ဥကပ်ပါး နဂျီများသည် စပါးသီးနှံနှင့် စားသုံးသီးနှံတို့တွင် အဓိက ဖျက်ပိုးများဖြစ်သည့် ဆစ်ပိုး၊ ရွက်လိပ်ပိုး၊ ရွက်လိပ်အိမ်ပိုး၊ငမြှောင်တောင်ပိုးများ၏ ဥများကို ကပ်ပါးပြု၍ ဇီဝနည်းဖြင့် နှိမ်နင်းပေးနိုင်ကြောင်း၊ ဥကပ်ပါးနဂျီအသုံးပြုနည်းများ၊ ရည်ရွယ်ချက်များနှင့် ဥကပ်ပါးနဂျီမှ ဖျက်ပိုးဥအတွင်း ဖွံ့ဖြိုးကြီးထွားမှုအဆင့်ဆင့်တို့ကို တောင်သူများအား ရှင်းလင်းပြောကြားပြီး  လယ်ဧက ( ၂၀ )တွင် လက်တွေ့သရုပ်ပြသ  ဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကို အသုံးပြုခြင်းအားဖြင့် လိပ်ပြာဖလံမျိုးဝင် ဖျက်ပိုးများကို ဥအဆင့်မှစ၍ နှိမ်နင်းနိုင်ကြောင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကို လျော့ချနိုင်ကြောင်း၊ တောင်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေဘဲ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ကင်းဝေးစေနိုင်ကြောင်း၊ သီးနှံစိုက်ခင်းထဲရှိ အခြားသက်ရှိများ၊

မြေ၊ ရေနှင့် လေထုတို့ကိုလည်း အန္တရာယ်မဖြစ်စေနိုင်ကြောင်းနှင့် လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို နှိမ်နင်းရာတွင် ရေရှည်အသုံးပြုနိုင်ကာ ကုန်ကျစရိတ်သက်သာ၍ လုံခြုံစိတ်ချသော စားသုံးသီးနှံများကို ထုတ်လုပ်ပေးနိုင်သည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)