ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)မှ ကျောင်းသား၊ ကျောင်းသူလေးများက  “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးပေါ်ဦးက ဆုချီးမြှင့်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် များက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ (၄) ဦး၊ ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးတို့အား ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုကတ်များကို ချီးမြှင့်ပေးခဲ့ပြီး၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ (၆) ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် အထက(ခနောင်တို) ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး၊ အခမ်းအနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုရကျောင်းသား၊ ကျောင်းသူများ နှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)