ရွာငံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသ‌နေပြည်သူများတွေ့ဆုံ

ရွာငံ အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊‌ မြင်းကျဒိုးကျေးရွာအုပ်စု ရွာဦးဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသ‌နေပြည်သူများ  တွေ့ဆုံပွဲကို အောက်တိုဘာ(၅)ရက်၊ နံနက် (၁၀ )နာရီက ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ရွာငံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသော ပြည်သူများအား နှာခေါင်းစည်း Mask များ အသီးသီးပေးဝေခဲ့ကြသည်။‌ ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကူးစက်မှုမရှိစေရေး စသည်တို့ကိုရှင်းလင်းပြောကြားပါသည်။  ထို့နောက် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ကျော်ဝင်းက နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး  စသည့် နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာများ၊ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌‌ကျော်ဦး က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ  မိမိတို့ဌာန အလိုက်သက်ဆိုင်သည့် လုပ်ငန်းများအား ရှင်းလင်းကြပြီး နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ မတည်​ထောက်ပံ့​ငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းခဲ့ကြပြီး  တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ရွာငံ(ပြန်/ဆက်)