ကော့မှူး အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂နာရီက ကမ္ဘာ့ဆရာများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက်ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများကမ္ဘာ့ဆရာများနေ့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေး Talk Show များကို အစဉ်အမြဲကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍အသိပညာပေး Talk Show တွင် ကော့မှူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးတင်လှိုင်(မြိုင်တင်လှိုင်) ကကမ္ဘာဆရာများနေ့စတင်ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ ဆရာ/ဆရာမများ၏ဂုဏ်ကျေးဇူးကြီးမားပုံအကြောင်းများ၊ ဆရာမပြနည်းမကျဥပမာစကားကဲ့သို့ မည်သည့်အသိပညာ၊ အတတ်ပညာတွင်မဆို ပညာနှင့်ဆိုင်သောမည်သည့်အကြောင်းအရာ ကိစ္စတွင်မဆိုအတွေ့အကြုံများသော၊ အသိဉာဏ်ပညာမြင့်မားသောဆရာသမားများ၏ လမ်းညွှန်ပြသပေးမှုမရှိလျှင် နည်းလမ်းမကျအောင်မြင်မှုရမည်မဟုတ်ကြောင်းနှင့် ကမ္ဘာဆရာများနေ့ ဆောင်ပုဒ်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)