နမ့်ဆန် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ နောက်ပိုင်းတွင် မွေးဖွားသည့် ကလေးသူငယ်များအား တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀/-)နှုန်းဖြင့် (၃)လ (၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ငွေကျပ် (၉၀၀၀၀/-)စီကို ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ပေါင်း (၈၉၈)ဦးအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေရရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ် (၈၉၈)ဦးအနက် မြို့ပေါ်နှင့် ဖုန်းလိုင်းရရှိသော ကျေးရွာများရှိ အကျိုးခံစားခွင့်ရရှိသူများအား မိမိတို့၏ တယ်လီဖုန်းဖြင့် ချိန်ဆက် ၍ E Wallet ရှိပါက E Wallet များသို့ ငွေလွှဲပြောင်း ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ E Wallet မရှိပါက နီးစပ်ရာ KBZ Pay Agent များထံသို့ လျို့ဝှက်နံပါတ် (OTP) များ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ယခုတွင် မြို့ပေါ်နှင့် တယ်လီဖုန်းလိုင်းရရှိသော အကျိုးခံစားခွင့်ရရှိသူ များကိုသာ ထောက်ပံ့ငွေထုတ်ပေးနိုင်မည်ဖြစ်ပြီး၊ တယ်လီဖုန်း လိုင်း မရှိသော ကျေးရွာများရှိ အကျိုးခံစားခွင့်ရရှိသူများကို စက်တင်ဘာလ (စတုတ္ထပတ်)အတွင်း ရပ်ကွက်၊ ကျေးရွာများအထိ KBZ Bank (KBZ Pay) ကိုယ်စားလှယ်များက သွားရောက်၍ ငွေကြေး ထောက်ပံ့စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား အာဟာရနှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု လူမှုဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လစဉ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မှ သိရသည်။
နမ့်ဆန် (ပြန် /ဆက်)