မိုင်းဆတ် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အ.မ.က(ဝိန်းဝိုင်)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က ဝိန်းဝိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်တွင် ပြင်ပဗဟုသုတရရှိစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်နှင့် ရုံးစာကြည့်တိုက်ရှိ စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ရေး နည်းလမ်းများကို အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးစာစောင်နှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုပြီး သုတ၊ ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)